Donnerstag, 11. September 2008

အွန်လိုင်းပေါ်က သံယောဇဉ် ၂

အခန်း (၂)


၂၀-၈။၂၀၀၈

ဂျာမန် စံတော်ချိန် နံက် ၁ နာရီ

ရုတ်တရက် din dong ဆိုပြီး အသံတခုပေါ်လာတော့ လန့်သွားတယ်။

ကြည့်လိုက်တော့ ပြုံးဆီက လှမ်းချက်လိုက်သည့်အသံ

အလုပ်များနေတာနဲ့ chatroom ကိုပိတ်ဖို့မေ့သွားမှန်း ကျနော်သတိထားမိလိုက်တယ်။

ဒါနဲ့ကျနော်လည်း ပြန်ချက်လိုက်တယ်…….

ညီမလေး နိုးပြီလား

…..အင်း နိုးပြီ…

အစောကြီးနိုးနေပါလား

…ဟုတ်တယ် ည ၉ နာရီကတည်းက စာဖတ်ရင်း အိပ်ပျော်သွားတာ…….

စကားပြောအုံးမလား

… ဟင့်အင် မပြောတော့ဘူး

ဘာလဲ မပြောချင်တော့ဘူးလား

….မဟုတ်ဘူး အလုပ်သွားရမှာလေ.

အလုပ်က ဂ နာရီမှပါ အခုမှ ၆ နာရီရှိသေးတယ်

…..ဟုတ်တယ် ဒါပေမဲ့ ရေချိုးရအုံးမှာလေ

အို နင်ကလည်း ရေချိုးတာ ၂ နာရီတောင်ကြာတယ်

…..အကိုကလည်း မိန်းကလေးဆိုတာ ရေချိုးတာကြာတယ်လေ

ရပါတယ် ငါသိပါတယ် နင်ငါ့ကို စကားမပြောချင်လို့မဟုတ်လား

….မဟုတ်ဘူး အကို စကားပြောပြီးရင် ဖြတ်လို့မရမှာစိုးလို့

အဲဒီလိုကျနော် သူ့ကို စလိုက်တော့ သူမခံချင်စိတ်ဖြစ်ပြီး ကျနော့်ကိုဖုန်းလှမ်းခေါ်လိုက်တယ်

ထုံးစံအတိုင်း ကျနော်က ညီမလေးကို စနေကြ။

အဲဒီလိုနဲ့ ကျနော်တို့စကားပြောရင်း…..ညီမလေး….ဆုံးသွားတဲ့အကို အကြောင်းမရှင်းလို့ပြန်ပြောပြပါ လားလို့ပူဆာလိုက်တော့ ကျနော့်ကို အခုလို အသေးစိတ်ပြောပြနေတယ်…….


ပြုံးပြောပြတဲ့ ဇာတ်လမ်းကျဉ်း……….


၂၀၀၁ ခုနှစ် ကပေါ့ အကို…..

အကိုလတ်ရယ် ကျမရယ် ပြင်ဦးလွင်ကနေ ရန်ကုန်ကို သွားလည်ကြတယ်။

အကိုလတ်နာမည်က ဖြိုးတဲ့။ ကျမသူ့ကို အရမ်းချစ်တယ်။သူက ကျမ ဘာလိုချင်သလဲ ပိုက်ဆံလိုချင်လား အကုန်လုပ်ပေးတယ်။ကျမနဲ့ အကိုနဲ့ အတူနေတာဆိုတော့ သံယောဇဉ် ပိုရှိကြတယ်။ အခြား အကိုကြီးရယ် အမကြီးရယ်က ထိုင်ဝမ်မှာ။

ရန်ကုန် ယောက်လမ်းမှာလည်း ကျမတို့အိမ်ရှိတယ် နောက်ပြီး စန်းချောင်းမှာလည်း အဒေါ့်အိမ်ရှိတယ်။ ကျမတို့က အဒေါ့်အိမ်မှာ အနေများတယ်။

၂လလောက်ကြာတော့ ကိုဖြိုးက ဖျားတယ်ဆိုလို့ မြေနီကုန်းမှာရှိတဲ့ မဟာမြိုင်ဆေးခန်းကိုသွားပြတာ ဆရာဝန်က ဘာရောဂါဖြစ်နေတယ်ဆိုတာလဲ တိတိကျကျမပြောဘူး။ သွေးအားနည်းတယ် လိုအပ်ရင် သွေးသွင်းလိုက်လို့ အဲဒီလိုပဲမှာလိုက်တယ်။ ဆေးရုံတက်ရမယ်ဆိုလို့ ဆေးရုံ တပတ်လောက်တက်လိုက်တယ်။ကိုဖြိုးလည်း ဆေးရုံကဆင်း ရန်ကုန်မှာ ၂ လလောက် ဆက်နေပြီး ပြင်ဦးလွင်ကိုပြန်သွားတယ်။ ရောက်ပြီး ၁ ရက် ၂ ရက်လောက်ရှိသေး အဖေက တရုပ်ပြည်ခဏသွားမယ်ဆိုလို့ ကိုဖြိုးလည်း လိုက်သွားတယ်။အဲဒီမှာ ၁ လလောက်နေပြီးပြန်လာကြတယ်။ အကိုပြန်လာပြီး မကြာဘူး အိမ်ဘေးမှာရှိတဲ့ အကို့ရဲ့ အချစ်ဆုံး သူငယ်ချင်းတစ်ယောက်က မင်္ဂလာဆောင်မယ်ဆိုလို့ အကိုကသွားကူညီလိုက်သေးတယ် ဒါပေမဲ့ ညနေပိုင်းမှာ ခေါင်းမူးတယ် ခေါင်းမူးတယ်ဆိုပြီး ပြန်သွားတယ်တဲ့။ တိုက်တိုက်ဆိုင်ဆိုင် အကိုရယ်…

မူဆယ်မြို့က အကို့ရဲ့ ရည်းစားဟောင်းကလည်း အဲဒီနေ့က မင်္ဂလာဆောင်တယ်တဲ့။ တရုပ်တွေက ရက်ကောင်းရွေးတယ် ပြီးတော့ မင်္ဂလာဆောင်ရင် သုံးရက်လောက်ကြာတယ်။ နောက်ဆုံးနေ့ကတော့ အကြီးအကျယ် ပျော်တဲ့နေ့ပေါ့။ ဒါပေမဲ့………………………

သူများတွေပျော်နေကြပေမဲ့………..ကျမအကို အဲဒီနေ့မှာပဲ ရုတ်တရက် ဆုံးသွားရှာတယ်။ သူ့အသက်က ၂၃ နှစ်ပဲရှိသေးတယ်။ ဘာရောဂါနဲ့ ဆုံးမှန်းလည်းမသိဘူး….

နောက်မှသိရတာက သွေးဖြူဥ အားနည်းတဲ့ ရောဂါတဲ့….

( ပြုံးက သူ့အကိုလတ်ရဲ့ အဖြစ်ကိုပြောပြရင်း မျက်ရည်တွေစီးကျနေတယ် အသံကလည်း ဖြည်းဖြည်းနဲ့နိမ့်ဝင်သွားတယ်။ ကျနော် ကိုယ်တိုင်လည်းဆို့နင့်စွာ ခံစားလိုက်ရတယ်)

ဘာဖြစ်လို့တိုက်တိုက်ဆိုင်ဆိုင် အဲဒီတရက်ထဲမှာ ပြိုင်တူဖြစ်ရတာလည်း ကျမအဲဒါနားမလည်ဘူး။

ကျမရယ် အမေရယ်က အဲဒီတုန်းက ရန်ကုန်မှာ။ ကျမအဲဒီသတင်း ကြားကြားချင်း လုံးဝ မယုံဘူး။ မဖြစ်နိုင်ဘူးလို့ စိတ်ထဲမှာတွေးနေမိတယ်။ အဲဒါနဲ့ ချက်ချင်း ပြင်ဦးလွင်ကို လိုက်လာခဲ့တယ်။ အိမ်ရောက်တော့….တကယ်ပဲ ကျမချစ်တဲ့ အကို ဆုံးသွားရှာပြီ။ ရင်ထဲမှာ မိုးကြိုးပစ်တဲ့အတိုင်းခံစားလိုက်ရတယ်။ကျမ ဘယ်လိုမှ ဖြေ မဆည်နိုင်ဘူး။ အရမ်းကို ၀မ်းနည်းမိတယ်။ သေခြင်းတရားဆိုတာ အချိန်မရွေး ရောက်လာနိုင်ပါလား ဆိုပြီး သဘော ပေါက်မိတယ်။ သေတယ်ဆိုတာ သဘာဝပါ အကို…

လူတွေက အဲဒါကိုကြောက်နေကြတယ်။ တကယ်တော့ သေခြင်းတရားကို ရှောင်ပြေးနေတာထက် ရင်ဆိုင်လိုက်တာက ပိုပြီး အမောသက်သာမယ် ထင်တယ်။ အကိုရယ် အရာရာတိုင်းဟာ မမြဲပါဘူး။

မွေးဖွားတယ်ဆိုတာရှိရင် သေဆုံးတယ်ဆိုတာလည်း ရှိရမှာပေါ့။ တရုပ်လို(Yinko Shinhwan )အကြောင်းရှိရင် အကျိုးရှိရမယ်တဲ့။ ဘာတတ်နိုင်မှာလည်း အကို….

ဒါပေမဲ့ ကျမ မကျေနပ်တာက မြေနီကုန်းမှာရှိတဲ့ မဟာမြိုင်ဆေးခန်းက ဆရာဝန်

ဘာရောဂါ ဖြစ်နေတယ်ဆိုတာကို တိတိကျကျ မပြောဘူး။ အဲဒီတုန်းကတည်းက သွေးဖြူဥ အားနည်းနေမှန်းသိရင်ပြောပါလား။ ကျမတို့ ကြိုကုလို့ရတာပေါ့ အခုတော့ ဆရာဝန်က ဘာမှ တိတိကျကျ မပြောဘူး။ ကျမစိတ်ထဲမှာတော့ ကျမအကို မသေသင့်ပဲ သေရတယ်လို့ အခုထိ ယုံကြည်နေတယ်။တကယ်တော့ ဆရာဝန်တွေဟာ မိသားစုဝင်တွေကို ဘာရောဂါ ဖြစ်တယ်ဆိုတာကို တိတိကျကျ ကြိုပြောသင့်တယ်။

ဇာတ်လမ်းကတော့ အဲဒါပဲ အကို….

ကျမအရင်တုန်းကဆိုရင် အကို့အကြောင်းပြောမယ် ကြံတိုင်း ဆို့နင့်နင့်ကြီးခံစားရပြီး ဆက်မပြောနိုင်တော့ဘူး။ အခုတော့ အများကြီး ဖြေနိုင်လာပြီ။

ကဲ အကို အခုနောက်ကျနေပြီ အလုပ်သွားတော့မယ်နော်…

အဲဒါကြောင့်ပြောတာ စကားစပြီးရင် ဖြတ်မရဘူးဆိုတာ………………

အကို့ကြောင့် အခု ရေလည်း မချိုးရတော့ဘူး မျက်နှာသစ်ပြီး သွားတော့မယ်……လို့

ကျနော့်ကို နှုတ်ဆက်ပြီး အလုပ်သွားသော်လည်း ကျနော့် ရင်ထဲမှာ ဘာရယ်လို့ပြောမပြနိုင်တဲ့

ဝေဒနာ တခုခံစားလိုက်ရတယ်။

ပြုံးရယ် မင့်ကို အကိုတစ်ယောက်လို ဆက်ချစ်နေမှာပါ။

ညီမရဲ့ ဘ၀ကို အကို အများကြီးနားလည်ပါတယ်။

………………………………………………………………………..

Keine Kommentare: