
အခန်း (၁)
အချိန်ကား ၂၀၀၄ ခုနှစ်
ဂျာမဏီ၏ ဆောင်းရာသီကာလ
ဒီဇင်ဘာလအတွင်း နေ့ရက်တရက်
ပြင်းထန်သည့်ရာသီဥတု ဒါဏ်ကြောင့် ခိုက်ခိုက်တုန်အောင် အေးမြနေသည်။
မြူနှင်းများလည်း ဖွေးဖွေးဖြူအောင် ကျနေသည်။
တခါတရံ အအေးချိန် မိုင်းနတ်စ်အောက် ၁၀ မှ ၂၀ အထိ ထိုးဆင်းသွားသည့် အခါမျိုးလည်းရှိသည်။
ဗမာပြည်တွင် ညအခါသာ အေးပြီး နေထွက်လာသောအခါ အအေးဓာတ်ပေါ့သွားသော်လည်း ဥရောပ၏ဆောင်းရာသီမှာ အမြဲမှောင်ပြီး ၂၄ နာရီ အေးနေသည်။ ဒီကြားထဲ မိုးကလေးကတဖွဲဖွဲ၊
မကြာခဏ အပြင်ကိုကြည့်လိုက်တိုင်း နှင်းမှုန်တွေနဲ့ ရစ်ဝိုင်းနေတဲ့အတွက် လွမ်းသလိုလို ဆွေးသလိုလို ခံစားမိသည်။
မကြာခဏ အထီးကျန်သလိုလို ခံစားမိသည်။
ဂျာမဏီကို ရောက်ပြီးကတည်းက နှစ်စဉ်နှစ်တိုင်း ဒီရာသီရောက်လာရင် ဒီရောဂါက ပုံမှန်တက်လာတတ်သည်။
ဒီနှစ်တော့ ထူးထူးခြားခြား စကိုင်းပီလို့ခေါ်တဲ့ အင်တာနက် တယ်လီဖုန်းစနစ်ကို ကျနော် စသုံးဖြစ်သည်။
ဒါနဲ့ ထုံးစံအတိုင်း လွမ်းစိတ်၊ ဆွေးစိတ်၊ အထီးကျန်စိတ်တွေကို ဖြေဖျောက်ဖို့
ကျနော် စကိုင်းပီကို ကျနော့်ဘ၀ရဲ့ အဖော်မွန်
စကိုင်းပီကို ကျနော့်ရဲ့ဝေဒနာတွေကို ကုပေးမဲ့ ဖြေဆေးအဖြစ် အသုံးချဖို့ အကြံတစ်ခုရတယ်။
အဲဒီလိုနဲ့ ကျနော် စကိုင်းပီကို ဖွင့်လိုက်တယ်။
ပြီးတော့ search ဆိုတဲ့ အပေါ်မှာ နှိပ်လိုက်တယ်။
နောက် မြန်မာမိန်းကလေးတွေထဲက အလှဆုံးနာမည်တစ်ခုကို ခဏစဉ်းစားလိုက်တယ်……….
ခဏနေတော့ ဦးနှောက်ထဲမှာ ဒိုင်းခနဲ ``ပြုံး´´ဆိုတဲ့နာမည်တစ်ခုပေါ်လာတယ်။
ထုံးစံအတိုင်း search ထဲမှာ pyone လို့ရိုက်လိုက်တယ်။
တိုက်တိုက်ဆိုင်ဆိုင် pyone pyone ဆိုပြီး username တစ်ခုပေါ်လာတယ်။
Profile မှာလည်း ထိုင်ဝမ်လို့ရေးထားတယ်။ ခပ်တည်တည်နဲ့ ကျနော့် contacts ထဲမှာ add လုပ်ထားလိုက်တယ်။
နောက်တနေ့ ကျနော် ကွန်ပြူတာဖွင့်ကြည့်လိုက်တော့ အလှဆုံးနာမည် နှစ်ထပ်ကွမ်း ပိုင်ရှင် ``ပြုံးပြုံး´´ အွန်လိုင်းပေါ်မှာ စိမ်းနေတာကိုတွေ့နေရတယ်။
ကျနော် add လုပ်တာကို သူလက်ခံလိုက်တယ် ဆိုတဲ့ သဘောပေါ့။
ဒါနဲ့ ကျနော့်မှာ ရှိသမျှ အားတွေ ညှစ်ထုတ်လိုက်ပြီး
Hello လို့ ကျနော် စနှုတ်ဆက်လိုက်တယ်။ ရှင်းရှင်းပြောရရင် ကျနော်က မိန်းကလေးတွေနဲ့ စကားပြောရင် အထစ်ထစ်အငေါ့ငေါ့ ဖြစ်ပြီး ခွေးအကြီးလှည်းနင်းသလို ဘယ်ကစလို့ ဘာပြောရမှန်းမသိ ဖြစ်နေတာက များတယ်။ ဘာပဲပြောပြော ဒီတခါတော့ အင်္ဂလိပ်လို chatroom ကနေဆိုတော့ စဉ်းစားချိန်လည်းရတယ်၊ နောက် ကျနော် ကြောက်နေတာကိုလည်း သူမသိနိုင်ဘူး။
ဒါနဲ့ သူ့ဘက်ကလည်း
Hello ဆိုတဲ့ ကျနော့်ကို အသိအမှတ်ပြုတဲ့ တုန့်ပြန်ချက်ကလေးရတော့ ကျနော် အရမ်းကို ၀မ်းသာမိတယ်။
ကျနော် နားလည်ထားတာက မိန်းကလေးတွေဟာ မာနကြီးတယ်။
တော်ရုံတန်ရုံလူ စကားမပြောဘူး၊ အရေးမလုပ်ဘူး။
အခုတော့ ဒီလိုမဟုတ်ပဲ ကျနော့်ရဲ့ အတွေးတွေ သီယိုရီတွေ လုံးဝ မှားပြီး သူ့တုန့်ပြန်ချက်ကို ရခဲ့တယ်။
ကျနော်ဆက်ပြီးတော့
Hello…..
How are you? နေကောင်းလား
I am fine.
Where are you now? အခုဘယ်မှာရောက်နေလဲ
Now in
When did you come to
Since two months ago.
Which city are you from in
From Pyin Oo Lwin
What are you doing there ? အခု အဲဒီမှာ ဘာတွေလုပ်နေလဲ
I am studying here.
အဲဒါနဲ့ ကျနော်တို့ နှစ်ယောက် နေ့တိုင်း chat ဖြစ်ခဲ့ကြတယ်။ နောက်ပိုင်းတော့ chat ရုံတင်မဟုတ်ပဲ headset နဲ့ စကားတွေပြောဖြစ်ခဲ့ကြတယ်။ အစပိုင်းတော့အင်္ဂလိပ်လိုပြောနေခဲ့ကြတယ် နောက်ပိုင်း အားမရတော့ ဗမာလိုပဲပြောကြတယ်။
ပြုံးရဲ့ အသံဟာ တကယ့် ကရုဏာရှင် ကြင်နာတရားရှိတဲ့ မိန်းကလေးတစ်ယောက်ရဲ့ အသံဆိုတာ စကားပြောမိကတည်းက ကျနော် သတိပြုမိတယ်။ နောက်ပိုင်း ပြုံးရဲ့အကြောင်းတွေကို ပိုသိလာတယ်။ ပြုံးဟာ ဗမာပြည်မှာ တရုတ် မိဘနှစ်ပါးက မွေးဖွားခဲ့တယ်။ မောင်နှမ လေးယောက် ရှိပြီး ကံဆိုးချင်တော့ အကိုအလတ်တစ်ယောက်ဟာ ရောဂါနဲ့ ဆုံးသွားရှာတယ်။(မှတ်ချက်။ နောက်ပိုင်း ပြုံးရဲ့ အကိုအလတ်ဘာကြောင့်ဆုံးသွားရသလဲ ဆိုတာကို အသေးစိတ်တင်ပြပါမယ်)ဒါပေမဲ့ ကျနော့် အမြင်တော့ ပြုံးဟာ ဗမာဆန်တယ်။ သူက ရန်ကုန်မှာနေဖူးတဲ့အတွက် ဗမာစကားကောင်းကောင်း နားလည်တယ်။ တခါတရံ သူ့ရဲ့ မပီကလာ ပီကလာ ဗမာလိုပြောတာ လေးတွေကြောင့် ပိုချစ်စရာကောင်းတယ်လို့ထင်တယ်။တခါတရံ သူပြောတာ မပီလို့ ကျနော် သဘောကျလို့ ရယ်တော့ ဘာရယ်တာလဲလို့ လှမ်းအော်တတ်တယ်။
ပြုံးဟာရိုးသားတယ်၊ ဖြူစင်တယ်၊ ပွင့်လင်းတယ် နောက်ပိုင်းမှာ သူ့ရဲ့ဓာတ်ပုံတွေ ပို့ပေးခဲ့တဲ့အတွက် ကျနော်သိတဲ့ ပြုံးဟာ ချောလည်း ချောပါလားလို့ သိလိုက်ရတယ်။
မကြာခဏ ကျနော်နဲ့ ပြုံး မနက်မိုးလင်းအထိ စကားပြောခဲ့တဲ့ရက်တွေလည်းမနည်းဘူး။
ဒါနဲ့ တယောက်အပေါ် တယောက် သံယောဇဉ်တွေ ပိုကြီးလာခဲ့တယ်။ ဒါနဲ့ ကျနော်က သူ့ကို ``ညီမလေး´´လို့ ချစ်စနိုးနဲ့ခေါ်လိုက်တယ်။ သူကလည်း ``အကိုကြီး´´လို့ခေါ်ဖြစ်တယ်။
ကျနော်တို့ရဲ့ ဘ၀ ဟာ အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်။ အပြင်မှာတခါမှ မတွေ့ဖူးပေမဲ့ တယောက်ကို တယောက် သံယောဇဉ်ကြီးကြတယ်။ ပြုံးနဲ့ ကျနော် စကားမပြောရရင် မနေနိုင်လောက်အောင် ဖြစ်ခဲ့ကြတယ်။ ကျနော်က ညီမလေးကို မောင်နှမတွေလိုပဲ အမြဲနေချင်တယ်လို့ ပြောခဲ့တယ်။ အခုဆိုရင် ကျနော်တို့ရဲ့ သံယောဇဉ်နှောင်ကြိုးဟာ လေးနှစ်ကျော်လာခဲ့ပြီ ဒါပေမဲ့ ခိုင်မာနေဆဲပါ။တခါတရံ အလုပ်များနေလို့ စကားမပြောဖြစ်တာကလွဲ ရင် အမြဲ အီးမေးလ် အဆက်အသွယ်ရှိနေတယ်။ တယောက်ကိုတယောက် အမြဲသတိရ နေကြတယ်။
ကျနော်တို့ရဲ့ အကြောင်းနဲ့ ပါတ်သက်ပြီး မကြာခဏ အတိတ်ဘ၀ဆိုတာကို စိတ်ဝင်စားမိတယ်။
ကျနော်တို့နှစ်ယောက် အခုလို သံယောဇဉ် ရှိနေတာဟာ အကြောင်းမဲ့တော့ မဟုတ်လောက်ဖူးလို့
မကြာမကြာ အတွေးဝင်မိတယ်။ အတိတ်ဘ၀က ပြုံးနဲ့ကျနော် အတူတူနေခဲ့တဲ့ ဘ၀တွေများရှိခဲ့လေမလားလို့ မမြင်နိုင်တဲ့ အတိတ်အကြောင်းတွေကို ပြန်ပြောင်းမြင်ချင်တဲ့စိတ်တွေဖြစ်ပေါ်ခဲ့တယ်။ အတိတ်ဘ၀က မောင်နှမတွေအဖြစ် နေခဲ့တာများ ရှိခဲ့လေမလား……….စတဲ့ နက်ရှိုင်းတဲ့ အတွေးတွေဝင်ခဲ့တယ်။
ကျနော် ညီမလေးကို ပိုသံယောဇဉ်ရှိတာက သူ ခဏ ခဏ ပြောပြလေ့ရှိတဲ့ သူ့အကိုသေဆုံးသွားတဲ့အကြောင်းရယ် နောက်ပြီး မကြာခဏ အကို့ကို အစားသောက်တွေကိုဂရုစိုက်ဖို့ပြောတာတွေရယ်ကြောင့်ပါ။ အခြားအကြောင်းတွေ အများကြီးရှိပါသေးတယ်။ ပြုံးဟာ ဆုံးသွားတဲ့အကိုအကြောင်းကို ပြောတိုင်း အမြဲ မျက်ရည်ကျတဲ့ အတွက် ပြုံးကိုကျနော်သနားမိတယ်။ ကျနော်တတ်နိုင်သမျှ ဖြေသိမ့်ပေးရင်း ကျနော်လည်း ပြုံးအတွက် မျှဝေခံစားမိတယ်၊ ကျနော် ကိုယ်တိုင် ၀မ်းနည်းမိတယ်။ ပြုံးရဲ့ ပွင့်လင်းရိုးသားမှုဟာ ကျနော့်အတွက် အဓိက သံယောဇဉ်တွယ်ရခြင်းရဲ့ အကြောင်းဆိုရင် မှားမယ်မထင်ပါဘူး။
…………………………………………………………..
Keine Kommentare:
Kommentar veröffentlichen